International News

ဩစတြေးလျ- အိန္ဒိယ ကြားဖြတ် FTA အရ ဝိုင်တင်ပို့သူများနှင့် သိုးမွေးမြူသူများက အကျိုး အမြတ်ရရှိနိုင်သော်လည်း နို့ထွက်ပစ္စည်းနှင့် ကောက်ပဲသီးနှံတင်ပို့သူများက အကျိုးအမြတ်မရရှိနိုင်ခြင်း

Last Updated:

ဩစတြေးလျနှင့် အိန္ဒိယ နှစ်နိုင်ငံတို့အကြား ကြားဖြတ်ကုန်သွယ်ရေးသဘောတူစာချုပ်အသစ်သည် တရုတ်အပေါ် သြစတြေးလျ ၏ စီးပွားရေးမှီခိုအားထားမှုကို လျှော့ချရန်ရည်ရွယ်ပြီး၊ အချို့သောလုပ်ငန်းကဏ္ဍများအတွက် သိသာထင်ရှားသော အခွင့်အလမ်း များကို ဖွင့်လှစ်ပေးနိုင်ခဲ့သော်လည်း အချို့သောလုပ်ငန်းကဏ္ဍများအတွက်မူ အခွင့်အလမ်းများမရရှိကြောင်း သိရှိရသည်။

ဩစတေးလျဝိုင်တင်ပို့ရောင်းချသူများနှင့် သိုးမွေးမြူရေးသမားများသည် အိန္ဒိယနိုင်ငံ၏ အကောက်ခွန်စည်းကြပ်မှု သိသိသာသာ လျှော့ချပေးမည့်သူများထဲတွင် ပါဝင်သော်လည်း နို့ထွက်ပစ္စည်းနှင့် ကောက်ပဲသီးနှံလုပ်ငန်းကဏ္ဍတို့က ပိုမိုကောင်းမွန်သော သဘောတူညီချက်များရရှိရန် တောင်းဆိုခဲ့ကြပြီး၊ သဘောတူညီချက်သည် စျေးကွက်ချဲ့ထွင်ရန် အဓိကဆုံးရှုံးသွားသော အခွင့် အလမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဩစတြေးလျဝိုင်ထုတ်လုပ်သူများအနေဖြင့် တရုတ်နိုင်ငံ၏ မြင့်မားသော တန်ပြန်စုပုံတင်သွင်းခွန်စည်းကြပ်မှုများကြောင့် ဩစ တြေးလျဒေါ်လာ ၁.၂ ဘီလီယံတန်ဖိုးရှိ အဓိကဈေးကွက်ဆုံးရှုံးရချိန်တွင် အိန္ဒိယနှင့် သဘောတူညီချက်အသစ်သည် ဆုံးရှုံးမှု အားလုံးကို ပြန်လည်ရရှိနိုင်မည်မဟုတ်သော်လည်း တစ်နိုင်ငံလုံး ဝိုင်အလျှံပယ်မှုကို ကိုင်တွယ်ဖြေရှင်းရန် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်မှာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းအများစုဖြစ်သော ဝိုင်ထုတ်လုပ်မှုလုပ်ငန်းများအတွက် အကျိုးကျေးဇူးများဖြစ်ထွန်းစေကြောင်း၊ အကောက်ခွန်လျှော့ချမှုများကြောင့် အိန္ဒိယဈေး ကွက်တွင် အခွင့်အလမ်းအသစ်များကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ အိန္ဒိယသို့ သြစတြေးလျဝိုင်တင်ပို့မှုသည် အလွန် သေးငယ်သော်လည်း ၂၀၂၁ ခုနှစ်တွင် တင်ပို့မှုတန်ဖိုးမှာ ၈၁%  မြင့်တက်လာခဲ့ပြီး၊ ပမာဏအားဖြင့် ၇၁% မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။

ဝိုင်လုပ်ငန်းကဏ္ဍသည် အမေရိကန်၊ ကနေဒါနှင့် ဗြိတိန် စသည့် တည်ထောင်ထားပြီး၊ ဈေးကွက်များကြီးထွားလာချိန်တွင် အရှေ့ တောင်အာရှ၊ အိန္ဒိယနှင့် စကင်ဒီနေးဗီးယားတို့တွင် ဈေးကွက်ချဲ့ထွင်ရန် ရှာဖွေလျက်ရှိပြီး၊ သြစတြေးလျ စပျစ်သီးနှင့် ဝိုင်လုပ်ငန်း ကဏ္ဍသည် နိုင်ငံတကာဈေးကွက်ဝင်ရောက်နိုင်မှု တိုးတက်စေရန်အတွက် အစိုးရထံမှ ထောက်ပံ့ငွေဒေါ်လာ ၁,၈၁၇,၀၀၀ ကို လက်ခံရရှိခဲ့ကြောင်း သိရှိရသည်။

ဩစတြေးလျ၏ ဒုတိယအကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်သည့် အိန္ဒိယသို့ သိုးမွှေးတင်ပို့မှု အပေါ်အကောက်ခွန် (၅)% ကောက်ခံ သော်လည်း FTA အသစ်အရ ယခုနှစ်နှောင်းပိုင်းတွင် သုညသို့ လျှော့ချမည်ဖြစ်ရာ လုပ်ငန်းကဏ္ဍအတွက် သတင်းကောင်းဖြစ်ပြီး၊ စျေးကွက်များ ပိုမိုကွဲပြားစေရန် ကူညီနိုင်မည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ သိုးမွှေးဝယ်ယူမှုသည် တရုတ်နိုင်ငံနှင့်နှိုင်းယှဉ်ပါက လွန်စွာနည်းပါးသော်လည်း နောင်တွင် ဝယ်ယူမှုတိုးတက်လာရန် အထောက်အကူဖြစ်နိုင်ကြောင်း သိရှိရသည်။ 

သိုးနှင့် သိုးသားထုတ်လုပ်သူများလည်း FTA မှ အကျိုးအမြတ်ရရှိမည်ဖြစ်သော်လည်း အိန္ဒိယက သိုးကို အကောက်ခွန်နှုန်း ၃၀% စည်းကြပ်ထားခြင်းကြောင့် တင်ပို့ရန်မဖြစ်နိုင်ကြောင်း ပို့ကုန်တင်ပို့သူများက ပြောကြားခဲ့သည်။ လွန်ခဲ့သည့် (၅) နှစ်အတွင်း အိန္ဒိယနိုင်ငံသို့ သိုးသား (၁၁၁) တန်ခန့် တင်ပို့ရောင်းချခဲ့ကြောင်းနှင့် သဘောတူညီချက်အသစ်ကြောင့် အိန္ဒိယနိုင်ငံသို့ တင်ပို့မှု နှစ်စဉ်မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

သဘောတူညီချက်တွင် အကြီးမားဆုံးဆုံးရှုံးမှုတစ်ခုမှာ နို့ထွက်ပစ္စည်းကဏ္ဍဖြစ်ပြီး၊ အကောက်ခွန်နှုန်းထားလျှော့ချမှုတွင် လုံးဝ မပါဝင်သည့် လုပ်ငန်းကဏ္ဍအနေဖြင့် လွန်စွာစိတ်ပျက်လျက်ရှိကြောင်း၊ ပြဿနာမှာ အိန္ဒိယအစိုးရသည် ၎င်း၏ နို့ထွက်ပစ္စည်း ကဏ္ဍအတွက် ဩစတြေးလျ၏ လုပ်ငန်းကဏ္ဍက ခြိမ်းခြောက်မှုတစ်ခုအဖြစ် မှတ်ယူထားသောကြောင့်ဖြစ်သည်။ ယခုသဘော တူညီချက်မှာ ကြားဖြတ်သဘောတူညီချက်တစ်ရပ်ဖြစ်ရာ နို့နှင့် နို့ထွက်ပစ္စည်းကဏ္ဍအတွက် နောက်ထပ်အခွင့်အလမ်းများရှိနေ သေးကြောင်း သိရှိရသည်။

ထို့အပြင် ကောက်ပဲသီးနှံကဏ္ဍကလည်း အိန္ဒိယဈေးကွက်သို့ဝင်ရောက်နိုင်မှု တိုးတက်စေရန်အတွက် လုပ်ဆောင်ရမည့် အလုပ် များ ပိုမိုလုပ်ဆောင်ရန် တောင်းဆိုထားသည်။ ကြားဖြတ် FTA သည် သြစတြေးလျ ပဲအမျိုးမျိုးအတွက် အလားအလာရှိသော အကျိုးကျေးဇူးအချို့ကို ကမ်းလှမ်းထားပြီး၊ အချိန်ကြာလာသည်နှင့်အမျှ faba ပဲကြီးများ၊ ကာနိုလာဆီနှင့် ပဲပိစပ်များအတွက် အကျိုးရှိလာမည်ဖြစ်သည်။ သို့သော်ကုလားပဲဈေးကွက်အတွက် အခွင့်အလမ်းမရှိကြောင်း သိရှိရသည်။ ဩစတြေးလျသည် ကုလားပဲအရည်အသွေးအတွက် ကျော်ကြားသည့်နိုင်ငံဖြစ်သည်။ အိန္ဒိယနိုင်ငံမှ စားသုံးသူများက ကုလားပဲကို နှစ်ခြိုက်ကြပြီး၊ အခြေခံအစားအစာအဖြစ် စားသုံးလျက်ရှိကြောင်းနှင့် လတ်တလောတွင်မူ အိန္ဒိယနိုင်ငံရှိ ကုလားပဲအထွက်နှုန်းမှာ ခိုင်မာလျက်ရှိ ကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: International News